သင့်လုပ်ငန်းက ဘာကြောင့် Brand တစ်ခုဖြစ်ဖို့လိုတာလဲ..?
ကျွန်တော် ဒီကနေ့ဖော်ပြမယ့်အကြောင်းအရာက လုပ်ငန်းတွေက ဘာကြောင့် Branding ကိုဖော်ဆောင်သင့်တာလဲဆိုတာပါ။
ဒီအကြောင်းအရာလေးမပြောမီ ဖြစ်ရပ်တစ်ခုကို ဖောက်သည်ချလိုပါတယ်.. ၁၉၇၀နှစ်များစွာက ကျွန်တော်ရဲ့ အဖိုးဖြစ်သူ ဦးမောင်စိန်ဟာထူးချွန်တဲ့ ခန်းဆီးလိုက်ကာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ခဲ့ပါတယ်။
သူ့ခေတ်သူ့အခါမှာ ဘယ်လောက်အထိအောင်မြင်ခဲ့သလဲဆိုရင် ရန်ကုန်မြို့ရဲ့ ထိပ်တန်းသူဌေးလူတန်းစားအများအပြားနဲ့ Hotel တွေ အဆင့်မြင့်စားသောက်ဆိုင်တွေရဲ့ ခန်းဆီးလိုက်ကာတွေကို တာဝန်ယူပြီး ချုပ်လုပ်ပေးခဲ့ရသူတစ်ဦးပါ။
အောင်မြင်မှုဟာ အထွတ်အထိပ်ရောက်ခဲ့ပေမယ့် သူရဲ့ ဆိုင်ဟာလည်း ဆယ်စုနှစ် (၃)ခုမျှကြာအောင်မရပ်တည်နိုင်ခဲ့ပါဘူး။ ၁၉၉၁ ခုနှစ်မှာ ကျွန်တော့် အဖိုးဦးမောင်စိန် ကွယ်လွန်မှုနဲ့ အတူ လုပ်ငန်းအားလုံး ရပ်ဆိုင်းလုနီးနီးဖြစ်ခဲ့ရပါတယ်။
နောက်ထပ်လုပ်ကိုင်ဖို့ ကျွမ်းကျင်သူမရှိလို့လားဆိုတော့ မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုအနေနဲ့ ကိုယ့် Customer တွေရဲ့ ယုံကြည်မှုကို လူတစ်ဦးအပေါ်မှာတည်ဆောက်ခဲ့ပြီး အမှတ်တံဆိပ်အပေါ်မှာ မတည်ဆောက်ထားခဲ့လို့ပါ။
ဒီဖြစ်ရပ်တွေကို ကြားရပြီး သုံးသပ်အဖြေရှာရင်းကနေ တစ်ခုသော အရာကိုတွေ့ရှိလာခဲ့ပါတယ်။ အဲ့ဒါကတော့ Branding ဆိုတဲ့ Solution တစ်ခုပါ။
အဲ့လိုဆို ဘာကြောင့် Brand တစ်ခုကို တည်ဆောက်ဖို့လိုတာလဲဆိုတဲ့ အကြောင်းအရာကို စတင်လိုက်ကြတာပေါ့...။
1. လူအများက သင့်လုပ်ငန်းကို ပိုမိုမှတ်မိနေစေဖို့...
Brand အမှတ်တံဆိပ်တစ်ခုက သင့်လုပ်ငန်းကို လူသိများအောင် ပိုမိုလုပ်ဆောင်နိုင်ပါတယ်။
ကျွန်တော်အထက်မှာပြောခဲ့သလိုပါဘဲ ကျွန်တော်အဖိုးဟာ အောင်မြင်ပြီး အကျိုးအမြတ်ဖြစ်ထွန်းတဲ့လုပ်ငန်းတစ်ခုကို ဖန်တီးလုပ်ကိုင်နိုင်ခဲ့ပါတယ်။
သို့ပေမယ့် အချိန်အကြာကြီး သူ့လုပ်ငန်းကို မှတ်မိနေစေဖို့ လုပ်ဆောင်ရာမှာ ကျဆုံးခဲ့ပါတယ်။ အချိန်ကြာကြာနဲ့ လူအများက ပိုမိုမှတ်မိနေစေဖို့ဆိုရင် သင့်လုပ်ငန်းက Brand အမှတ်တံဆိပ် တစ်ခုရှိဖို့တော့ မဖြစ်မနေလိုအပ်ပါတယ်။
Branding အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်ခြင်းကို Branding လို့ လူအများက လက်ခံထားကြပါတယ်။
2. Branding ဟာသင့်လုပ်ငန်းနဲ့ Customer တွေအကြား ယုံကြည်မှုကိုတည်ဆောက်ဖို့...
လုပ်ငန်းတစ်ခုအနေနဲ့ အထူးအလေးထားပြီး ရယူပိုင်ဆိုင်အောင် လုပ်ဆောင်နိုင်ရမယ့်အရာကတော့ Customer တွေရဲ့ ယုံကြည်မှုပါ။ Customer တွေရဲ့ယုံကြည်မှုဆိုတာ အလွယ်တစ်ကူရနိုင်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။
အထူးကြိုးစားပြီးတည်ဆောက်ရတာမျိုးပါ။ အဲ့လိုတည်ဆောက်ရာမှာ ကျွန်တော် အဖိုးဖြစ်ခဲ့သလို လူအပေါ်ယုံကြည်မှုပိုသွားတာမျိုးကလည်း အရမ်းကောင်းတဲ့ ကိစ္စမဟုတ်လို့ Brand အမှတ်တံဆိပ်တစ်ခုအပေါ်ယုံကြည်မှု ကို တည်ဆောက်ဖို့လိုပါတယ်။
ဥပမာ Thomas Edison ပြုလုပ်ခဲ့သလိုမျိုး သူအပေါ် လူတွေယုံကြည်မှုကို အခြေခံပြီး General Electric ဆိုတဲ့ Business Brand တစ်ခုကို တည်ဆောက်ခဲ့သလိုပေါ့။
Branding ပြုလုပ်ထားခြင်းမရှိတဲ့ လုပ်ငန်းတစ်ခု (သို့) လုပ်ငန်းရဲ့ Key Elements တွေပျောက်ဆုံးနေတဲ့လုပ်ငန်းတစ်ခုကို Customer တွေက အလွယ်တစ်ကူမယုံကြည်ကြပါဘူး။
သင်က ကုန်ပစ္စည်းတွေရောင်းချဖူးမယ်ဆိုရင် Brand အမှတ်တံဆိပ် ရှိတဲ့ ပစ္စည်းကိုရောင်းချရခြင်းနဲ့ Brand အမှတ်တံဆိပ် မရှိတဲ့ ပစ္စည်းကိုရောင်းချရခြင်းက ဘယ်လိုကွာခြားသလဲဆိုတာ အများကြီးရှင်းပြနေစရာမလိုတော့ပါဘူး။
Customer တွေက Brand အမှတ်တံဆိပ် မပါတဲ့ ကုန်ပစ္စည်းကို အလွယ်တကူမဝယ်ယူတတ်ကြပါဘူး။ ဘယ်လုပ်ငန်းနယ်ပယ်မှာမဆို Brand အမှတ်တံဆိပ် တစ်ခုဟာ သင့်ရဲ့ Customer တွေကို သင့်လုပ်ငန်းအပေါ် စိတ်ချယုံကြည်မှုကိုပေးစွမ်းစေနိုင်ပါတယ်။
3. သင့်လုပ်ငန်းက ဝန်ထမ်းတွေ စိတ်ကျေနပ်မှု ရှိရှိနဲ့ အလုပ်အပေါ်ဂုဏ်ရှိစွာ လုပ်ကိုင်နိုင်စေဖို့...
သင်ကြုံဖူးလောက်မှာပါ သင် လူတစ်ယောက်ကို ဘယ်မှာအလုပ်လုပ်လဲလို့မေးတဲ့အခါ သူက ငါ့ဒီ လုပ်ငန်းမှာလုပ်တာကွ လို့ တက်တက်ကြွကြွကြွားပြီးဖြေတာမျိုးပေါ့။ သင့်ဆန့်ကျင်ဖက်လည်းကြုံ ဖူးမယ်ထင်ပါတယ်။
ငါကတော့ ဆိုင်တစ်ခုမှာ အလုပ်လုပ်တာပါ ဆိုတဲ့ လေးလေးပင်ပင်အသံမျိုးနဲ့ ကိုယ်အလုပ်လုပ်တဲ့ နေရာရဲ့ နာမည်ကိုတောင် ပြောမထွက်တဲ့ အနေအထားရှိသူမျိုးပေါ့။ ဒီလိုဆို သူတို့ နှစ်ယောက်ရဲ့ လုပ်ငန်းခွင်က လုပ်ကိုင်နိုင်စွမ်းကို သွားကြည့်စရာသိပ်မလိုလောက်တော့ပါဘူး။
ကဲ အဲ့လိုဆို အားလုံး နိဂုံးချုပ်အနေနဲ့ သင်ဟာ သင့်လုပ်ငန်းကို Customer တွေလက်ခံပြီး ရေရှည်အကျိုးအမြတ်ရရှိနေချင်တယ်ဆိုရင်တော့ သင့်လုပ်ငန်းမှာ Branding ကိုစနစ်တကျဖော်ဆောင်ဖို့ အကြံပြုလိုက်ပါတယ်။
ဖိုးသက်ရှည်ပြောပါပြီ...
ဖိုးသက်ရှည်ဆိုတဲ့ ဆိုင်လေးဟာ Branding ကို စနစ်တကျပုံဖော်ထားပါတယ်။
(၁) ဖိုးသက်ရှည်ဆိုင်ရဲ့ နာမည် (Brand Name)၊ ရုပ်ပုံအမှတ်တံဆိပ်(Logo) နဲ့ လုံခြုံစိတ်ချမှုကိုပေးတဲ့ အရောင်အပြင်အဆင်( Color Theme) တွေကြောင့် လူအများက ဖိုးသက်ရှည်ဆိုင်ကိုအခြားဆိုင်များထက် ပိုမိပြီးအလွယ်တကူ မှတ်မိလွယ်ကြပါတယ်။
(၂) ဖိုးသက်ရှည်ဆိုင်မှာ ချမှတ်ထားတဲ့ လုပ်ငန်းရပ်တည်ချက် နှင့် လုပ်ငန်းမျော်မှန်းချက် (Mission & Vision Statements) တွေနဲ့ လုပ်ငန်းတန်ဖိုးထားမှု (Value) တွေကြောင့် ဖိုးသက်ရှည်ဆိုင်အပေါ် ဝယ်ယူသူ Customer များရဲ့ အထူးယုံကြည်မှုကို ရရှိထားပါတယ်။ ဖိုးသက်ရှည်အမှတ်တံဆိပ် (Brand) ပုံပါတဲ့ မအိတ်နဲ့ထည့်လာတဲ့ ဆေးက မှန်ကန်မှုရှိတယ်ဆိုတာ သူတို့သိရှိနေနှင့်ပါပြီ။
(၃) ဖိုးသက်ရှည်ဆိုင်ရဲ့ ဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ သူတို့ကဟာ လူအများ ကိုကူညီပေးနေတာပါဆိုတဲ့ စိတ်ကြောင့် သူတို့အလုပ်ကို သူတို့ဂုဏ်သိက္ခာရှိစွာ စိတ်ကျေနပ်မှုရှိရှိ လုပ်ကိုင်ကြပါတယ်။ အဲ့ဒီအတွက် ဆေးလာဝယ်သူတွေက သူတို့ရဲ့ချိုသာတဲ့ အပြုံး တက်ကြွမှုရှိပြီး နွေးထွေးတဲ့ ဆက်ဆံမှုတွေကို ရရှိပြီး ရောဂါတစ်ဝက်သက်သာသလို ခံစားမိကြပါတယ်။
Branding ဟာ ရေရှည်လုပ်ငန်းတည်ဆောက်ဖို့လို့ ဆိုထားပေမယ့် တစ်ကယ်တန်းတော့ ဖိုးသက်ရှည်ကိုဘဲ ကြည့်ပါ။ သူမှာ လက်ရှိအချိန်မှာဘဲ ပြိုင်ဘက်တွေနဲ့မတူတဲ့ တမူထူးခြားတဲ့ အသွင်အပြင်ကိုဆောင်လာနိုင်ပါတယ်။ Brand Unique ဆိုတာက ထွေထွေထူးထူးစဉ်းစားနေစရာမလိုပါဘူး။
သင့်လက်ရှိလုပ်ငန်းရဲ့ ထုတ်ကုန်ဝန်ဆောင်မှုထဲကို သင့် Customer တွေကို အဓိကပြောချင်တဲ့ တန်ဖိုးထားမှု (Values) ပေါင်းထည့်လိုက်ခြင်းမျိုးပါဘဲ။ ဒီအကြောင်းနဲ့ ပက်သတ်ပြီး နောက်အပိုင်းတွေမှာ အသေးစိတ်ရေးသားပေးသွားပါဦးမယ်။
အကြံပြုချက်တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် သင်ဟာလုပ်ငန်းတစ်ခုကို တစ်ခါစားသဘောမျိုးလုပ်တဲ့သူဆို Branding ဟာ သင်နဲ့ လားလားမျှမဆိုင်တဲ့အရာတစ်ခုပါ။
ကျွန်တော် Branding အကြောင်းရေးသားပေးရခြင်းက လုပ်ငန်းရှင်တွေအနေနဲ့ သူများ Branding ဆိုပြီးလုပ်လို့ လိုက်လုပ်ရတာမျိုးမဖြစ်ရလေအောင် Branding လုပ်ရခြင်းရဲ့ အဓိကအရင်းခံအကြောင်းတရားတွေကို ကိုယ်တွေ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ဖော်ပြပေးရခြင်းပါ။
Brand တစ်ခုကို ဘယ်လိုဖော်ဆောင်ရမလဲဆိုတာ နောက် အပိုင်းတွေမှာ ဆက်လက်ဖော်ပြသွားပါမယ်။
Comments
Post a Comment